အင်္ဂလိပ်ဘာသာစကား ကို လေ့လာလို့ အတော်အသင့် ပြောတတ်၊ ဆိုတတ်လာတဲ့အချိန်မှာ
ထပ်မှားတတ်တဲ့ သဘောတရား တစ်ခုက ကိုယ်က အင်္ဂလိပ်စာတတ်နေပြီလို့ ပြချင်တဲ့ စိတ်ကြောင့်
တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် စကားပြောတဲ့အခါမှာ တဖက်သား နားမလည်အောင် စကားလုံးတွေ
ရှာဖွေ သုံးစွဲတတ်တာပါ။ အဘိဓာန်ကို လှန်လှော ရှာဖွေပြီးတော့ စကားလုံး အသစ်အဆန်း ခက်ခက်ခဲခဲတွေ
ကို သုံးပြီး တစ်ဖက်သားကို ပြောလေ့ရှိကြပါတယ်။ အဲဒီလို ပြောလိုက်လို့ တစ်ဖက်သားက မသိဘူးဆိုရင်
ပြောတဲ့သူက သိပ်ပျော်တတ်ကြတယ်၊ သူ့အတွေးမှာလည်း သူ့ကို တဖက်သားက လိုက်မမှီဘူးလို့ ထင်တတ်တယ်၊
နောက်တစ်ချက်က တစ်ဖက်သားက သူ့ကို အထင်တွေကြီးနေမှာပဲ ဆိုပြီး တွေးနေတတ်ပါတယ်။ ဒါ့အပြင်
စကားပြောတဲ့နှုန်း (speed) ကိုလည်း အလွန်မြန်မြန်ဆန်ဆန် ပြောတတ် ကြပါတယ်။ တဖက်သားက လိုက်မမှီရင်
သိပ်ပျော်တတ်ကြတယ်၊ သူ့ရဲ့ speed က တော်တော် မြန်မြန်နေတော့ တဖက်သားက လိုက်လို့မမှီဘူးပေါ့၊
သူ့ကိုယ်သူ တော်တော်လေး အဆင့်အတန်းမြင့်နေပြီ လို့ ထင်တတ်ကြ ပါတယ်။
တကယ်က ဘယ်ဘာသာစကားမှာပဲ ဖြစ်ဖြစ် အပြောကောင်းတယ်၊
အရေးကောင်းတယ် ဆိုတာ ကိုယ်က ပြောရမယ့်၊ ရေးရမယ့်နေရာ အပေါ်မူတည်ပြီး တဖက်သားကို လွယ်လွယ်ကူကူ
ရှင်းရှင်းလင်းလင်း နားလည်နိုင်အောင် ပြောနိုင်၊ ရေးနိုင်တာကို ဆိုလိုတာပါ။ နေရာ ဒေသကို
လိုက်ပြီးတော့ စကားလုံး သုံးနှုန်းတာတွေ မတူကြပါဘူး။ မိခင်ဘာသာစကား ဖြစ်တဲ့ မြန်မာစကားမှာလည်း
ဒီသဘောတရားပါပဲ … “ထမင်းစားမယ်” ဆိုတဲ့ စကားကိုပဲ ကိုယ်ပြောမယ့် နေရာ၊ ကိုယ်နဲ့ စကားပြောဖက်ရဲ့
အသက်အရွယ်၊ အဆင့်အတန်း၊ ရင်းနှီးမှု အပေါ်တွေမှာ မူတည်ပြီးတော့ ပြောပုံ၊ ဆိုပုံတွေ ကွာခြားသွားပါတယ်။
ကိုယ့်ထက် အသက်ကြီးသူတွေဆိုရင် “ထမင်းစား ကြွပါ” ၊ သူငယ်ချင်း အချင်းချင်း ဆိုရင်တော့
“ဝါးတီးဆွဲမယ်” စသည်ဖြင့် အခြေအနေကို လိုက်ပြီး ပြောကြတဲ့အတွက် စကားလုံး အသုံးအနှုန်းတွေ
ကွားခြားပါတယ်။
နောက်တစ်ခုက စကားပြောတဲ့ ပုံစံ၊ စကားပြောဟန်၊
စကားပြောတဲ့အရှိန် (speed) တွေကလည်း ကာလ၊ ဒေသ၊ အခြေအနေအပေါ်မှာ မူတည်ပြီး ကွားခြားပါတယ်။
ဈေးထဲမှာ ပြောတဲ့စကား၊ ကျောင်းထဲမှာ ပြောတဲ့စကား၊ အစည်းအဝေးတွေမှာ ပြောတဲ့စကား၊ ဆွေးနွေးပွဲတွေမှာ
ပြောတဲ့စကားတွေဟာ စကားပြော ပုံစံတွေ တူညီမှာ မဟုတ်ပါဘူး။ အချင်းချင်းပြောတဲ့အခါ
Please listen to me. လို့ ပြောပေမယ့် အစည်းအဝေးမှာ
ဆိုရင်တော့ May I have you attention please? လို့ပြောပါတယ်၊ ထို့အတူ Please take
a seat. / Please sit down. လို့ သာမာန်အားဖြင့် ပြောနိုင်ပေမယ့် အခမ်းအနားတွေမှာတော့
All are requested be seated. လို့ သုံးနှုန်းမှ အဆင်ပြေပါတယ်။ သာမာန်ပြောရိုးပြောစဉ်အတိုင်း
ပြောလို့ နားမလည်ဘူးလားဆိုရင် နားတော့လည်ပါတယ်၊ ဒါပေမယ့် ပုံစံသိပ်မဝင်ဘူး ဖြစ်တတ်ပါတယ်။ အဲဒီလို အခြေအနေ အချိန်အခါကိုလိုက်ပြီး စကားလုံး
အသုံးအနှုန်းတွေ မတူသလိုပဲ စကားပြောတဲ့ လေသံအနိမ့် အမြင့်၊ အတက်အကျတွေလည်း ကွာခြားပါတယ်။
ဘာသာစကားဆိုတာ
တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်တဲ့အခါ နားလည်ဖို့အတွက် ကြားခံ အသုံးပြုတာပါ၊ ဘာသာစကားရဲ့
အဓိကကျတဲ့ အချက်တစ်ခုက နားလည်ဖို့ပါ။ တစ်ယောက်နဲ့ တစ်ယောက် ဆက်သွယ်ဖို့ အသုံးပြုတဲ့အတွက်
ဘာသာစကားရဲ့ အသက်ဟာ နားလည်မှု ဆိုပေမယ့် တစ်ချို့ချို့တွေက တဖက်သားနားမလည်အောင် တမင်ပြောတတ်ကြပါတယ်။
အဲဒါက လူတွေမှာ ရှိတတ်တဲ့ feeling of importance ကြောင့်ပါ၊ တစ်ဖက်သားက ကိုယ့်ကို အထင်ကြီးစေချင်တယ်။
လူတွေအများကြီးရှေ့မှာဆို ပိုပြီး အရေးပါ အရာရောက်စေချင်တယ်၊ အဲဒီစိတ်တွေကြောင့် ဖြစ်တတ်တာပါ။
ကိုယ်က
စကားပြောကောင်းသူ တစ်ယောက်ဖြစ်ချင်တယ်ဆိုရင် ဘယ်လိုအသိုင်းအဝိုင်းက ဘယ်လို လူမျိုး
နဲ့ပဲ တွေ့သည်ဖြစ်စေ တစ်ဖက်သားနားလည်နိုင်တဲ့ စကားလုံးမျိုးကို ရွေးချယ်သုံးနှုန်း တတ်ဖို့
လိုပါတယ်။ အဲဒီလို စကားလုံးမျိုးစုံကို နေရာတကျ သုံးစွဲတတ်ဖို့ ဆိုရင် စကားလုံး(word)၊
ဝေါဟာရ (vocabulary) တွေ ပိုင်နိုင်ဖို့၊ ကြွယ်ဝဖို့၊ ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။
အဲဒီမှာလည်း ဝေါဟာရတွေကို လှေနံဓါးထစ် ကျက်မှတ်ကြတဲ့၊ အင်္ဂလိပ်စကားလုံး တစ်လုံးကို ညီမျှခြင်းထိုးပြီး
မြန်မာလို တိုက်ရိုက်အဓိပ္ပာယ်ပြန်ပြီး ကျက်မှတ် တတ်ကြတာကလည်း အလွဲတွေထဲက အလွဲတစ်ခုပါ။
ဥပမာ- run=ပြေးသည် လို့ ကျက်မှတ် ထားတယ်ဆိုရင် အခြားအဓိပ္ပာယ်တွေနဲ့ ရေးထားတဲ့စာကြောင်းတွေ
တွေ့တဲ့အခါ အခက်အခဲ တွေ့နိုင်ပါတယ်။ He runs. ကို သူပြေးသည် လို့ အဓိပ္ပာယ်ပြန်နိုင်ပေမယ့်
He runs a private school. ကတော့ ကျောင်းကို ပြေးတာမဟုတ်ဘဲ ကိုယ်ပိုင်ကျောင်းတစ်ကျောင်း
ထောင်ထားတာကို ပြောတာပါ။ အလားတူ အခြားအဓိပ္ပာယ်နဲ့ ရေးထားတဲ့ စာကြောင်းတွေ အများကြီးတွေ့နိုင်ပါတယ်။
ဥပမာ - The tap runs. / I run my eyes over the page. / The ship ran aground. /
The lease on my house has only one year to run. / The rivers run north to
south. / The tears run down her cheeks. / The tide was running strong. / His
face is running with sweat. / My car runs on diesel. စတဲ့ ဝါကျတွေကို ပြေးတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ ဘာသာပြန်လို့
မရနိုင်ပါ။
ကိုယ့်ရဲ့
မိခင်ဘာသာစကား(Native Language) မှာလည်း အလားတူ သဓကတွေ ရှိပါတယ်။ မြန်မာလို စဉ်းစားပြီး
အင်္ဂလိပ်လို ပြန်ရေးဖို့၊ ပြန်ပြောဖို့ စဉ်းစားကြတဲ့အခါ တိုက်ရိုက် ညီမျှခြင်းထိုးပြီး
စဉ်စားရင် မှားတတ်ပါတယ်။ ဥပမာ - ပေါက်သည် ဆိုတဲ့ ကြိယာ အသုံးကို အင်္ဂလိပ်လို ဘယ်စကားလုံး
နဲ့ တိုက်ရိုက် ညီမျှခြင်းထိုးပြီး ရေးကြမလဲ/ ပြောကြမလဲ။ ကိုယ်ရေးချင်တဲ့/ ကိုယ်ပြောချင်တဲ့
ဝါကျ အပေါ်မှာ မူတည်ပြီးတော့ စကားလုံးတွေ ကွဲပြားခြားနားပါလိမ့်မယ်။ သဘောပေါက်သည် ဆိုရင်တော့ understand ပေါ့၊ ဗုံးပေါက်သည် ဆိုရင် explode ဖြစ်ပါမယ်၊ အပင်ပေါက်သည် လို့သုံးတဲ့အခါ grow စသည်ဖြင့် အဓိပ္ပာယ်
အပေါ်မူတည်ပြီးတော့ စကားလုံးတွေ ကွဲသွားတာကို တွေ့ရပါလိမ့်မယ်။
ဒါကြောင့်
အင်္ဂလိပ်ဘာသာစကား လေ့လာသူတွေ အနေနဲ့ စကားလုံး၊ ဝေါဟာရ ကြွယ်ဝဖို့ လိုအပ်တာ မှန်ပေမယ့်
တစ်ဖက်သားနားမလည်အောင် မသုံးဖို့၊ စကားလုံး၊ ဝေါဟာရ တွေကို လေ့လာတဲ့ အခါမှာလည်း လှေနံဓါးထစ်၊
တရားသေ မမှတ်ဖို့ တိုက်တွန်းချင်ပါတယ်။
နောက်တစ်ပတ်မှာ
အင်္ဂလိပ်ဘာသာစကာား လေ့လာသူတွေ အယူအဆလွဲတတ်တဲ့ Native Speaker နဲ့ သင်မှ ပိုကောင်းမယ်/
ပိုတတ်မယ် ထင်တတ်ကြတဲ့ အင်္ဂလိပ်စာလောက အလွဲများ အကြောင်းကို ဆက်ရေးပါမယ်။
အောင်ကိုဦး
(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....