Native Speaker နဲ့ သင်မှ တတ်မှာလား … ?

အင်္ဂလိပ်ဘာသာစကား သင်ယူလေ့လာသူတွေရဲ့ စိတ်ထဲမှာ လွဲတတ်တဲ့ နောက်ထပ်အယူအဆ တစ်ခုက Native Speaker နဲ့သင်ရင် ပိုကောင်းမယ်၊ ပိုတတ်မြောက်မယ်လို့ ထင်တတ်ကြတာလည်း အချက်တစ်ခုအဖြစ် ပါဝင်နေပါတယ်။ ပြီးတော့ Native Speaker များဖြင့် သင်ကြားသည် လို့ ကြေငြာတဲ့ သင်တန်းတွေကလည်း ရှိနေကြတော့ အမှတ်တမဲ့ စဉ်းစားကြည့်ရင် ဒါဟာ မှန်တယ်လို့ ထင်ရပေမယ့်အပြည့်အဝတော့ မမှန်ပါဘူး။ ဘာကြောင့် ဒီလိုပြောရတာလဲ … ?
စာတတ်သူတိုင်း စာမသင်တတ်ဘူး လို့ ပြောကြတဲ့စကားကို ကြားဖူးကြမှာပါ။ သူဟာ Native Speaker တစ်ယောက်ဖြစ်ပေမယ့် သင်ကြားရေးအတတ်ပညာ တတ်မြောက်သူ (ဒါမှမဟုတ်) သင်ကြားရေး အတွေ့အကြုံရှိသူ တစ်ယောက်ဖြစ်မှသာ သင်ကြားပို့ချနိုင်မှာပါ။ ပိုပြီး မြင်သာထင်သာ ရှိအောင် ပြောရမယ်ဆိုရင် ဥပမာ - မြန်မာလူမျိုးတွေ တစ်ခြားတစ်နိုင်ငံမှာ (ထိုင်းလို့ဆိုကြပါစို့) နိုင်ငံခြားသားတွေက သင်ကြားရေး အတတ်ပညာ၊ သင်ကြားရေးအတွေ့အကြုံမရှိတဲ့ မြန်မာတစ်ယောက်ကို မြန်မာဘာသာစကား သင်ကြားပို့ချဖို့ ငှားရမ်းမယ်၊ ပြီးတော့ “မြန်မာဘာသာစကားကို Native Speaker ဖြင့်သင်ကြားသည်” လို့ ကြေငြာမယ်ဗျာ။ ကဲဒါဆို တတ်မြောက်အောင် သင်ကြားနိုင်မလား ဆိုတာ နည်းနည်းတော့ စဉ်းစားကြည့် လို့ ရမယ် ထင်ပါတယ်။

Native Speaker နဲ့သင်တဲ့အတွက် Sound, Stress, Intonation တွေ အမှန်အကန်အတိုင်း ကြားရတဲ့ အားသာချက်တော့ ရှိပါတယ်။ ဒါတောင်မှ Native တိုင်းမမှန်နိုင်ပါဘူး၊ မြန်မာလူမျိုး မှာလည်း စကားမပီတဲ့ သူတွေ၊ အသံမမှန်တဲ့သူတွေ အများကြီးရှိပါတယ်။ တကယ်သင်ကြားရေး နည်းပညာ တတ်မြောက်တဲ့ Native Speaker ဆရာတွေရဲ့ လစာနဲ့ အခြားသော ဝန်ဆောင်မှုတွေနဲ့ ပေါင်းကြည့် လိုက်ရင် နည်းတဲ့ စရိတ်မဟုတ်ပါဘူး။ နောက်တစ်ချက်က ဘာသာစကားဆိုတာ ခဏတဖြုတ် သင်ရုံနဲ့ ချက်ချင်းတတ်တဲ့ ကိစ္စမျိုးမဟုတ်ပါဘူး၊ အဲဒီလို တကယ်ကျွမ်းကျင်တဲ့ Native Speaker ဆရာတွေနဲ့ သင်တဲ့ သင်တန်းစရိတ်ကလည်း လူတိုင်းတတ်နိုင်တဲ့ နှုန်းထားမဟုတ်ပါဘူး။ ဒါကြောင့် ရေရှည် မလေ့လာ နိုင်ရင် စာရေးသူရေးခဲ့ဘူးတဲ့ “EPC နဲ့ ထမင်းပေါင်းအိုး” ဆောင်းပါးထဲမှာလိုပဲ ထမင်းချက်ရင်းနဲ့ မီးပြတ် သလို လေ့လာရင်းနဲ့ အဆက်ပြတ်သွားတာမျိုးတွေ ဖြစ်တတ်ပါတယ်။

နောက်တစ်ခုက ဆရာဘယ်လောက် ကောင်းကောင်း ကိုယ်ကိုတိုင် အားထုတ်မှုရှိမှ တတ်မြောက်တာပါ၊ အရေးကြီးတာက ပညာရပ်တစ်ခုကို တတ်မြောက်တဲ့အထိ စွဲစွဲမြဲမြဲလေ့လာသင်ယူမှ တတ်မြောက်ကြပါလိမ့်မယ်။ ဆရာကောင်းဖို့ အရေးကြီးသလို ကိုယ်ကိုယ်တိုင် ကြိုးစားအားထုတ်ဖို့ ကလည်း အဓိကကျပါတယ်။ စာရေးသူရဲ့ဆရာကြီး ဦးမြကြိုင်ဟာလည်း မြန်မာပြည်မှာ ဆရာကြီး ဦးသိမ်းမောင် (စာရေးဆရာ ထင်လင်း)၊ ဆရာကြီး ဦးခင်မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ် တို့ထံမှာ (၈)နှစ် ဆက်တိုက် ပညာသင်ယူခဲ့တာပါ။ အဲဒီနောက် အန္ဒိယမှာ စစ်ဘက်ဆိုက်ရာသံဝန်ထမ်း အဖြစ် အမှုထမ်း ခဲ့စဉ်က ဆရာကြီးဦးမြကြိုင် အတွက် နောက်ထပ် အင်္ဂလိပ်စာ ဂုရုတစ်ယောက်ဖြစ်တဲ့ Mr Das နဲ့ ထံမှာ ဆက်လက်ပညာသင်ယူခဲ့ရတာပါ။ တကယ်တော့ Mr Das ဟာလည်း Native Speaker တစ်ယောက် မဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီဆရာတွေဆီမှာ စွဲစွဲမြဲမြဲ လေ့လာသင်ယူ ကြိုးစားအားထုတ် ခဲ့တဲ့ စာရေးသူရဲ့ ဆရာကြီးဦးမြကြိုင်ဟာ အခုအချိန်မှာ နိုင်ငံကျော် အင်္ဂလိပ်ဘာသာစကား ဆရာ တစ်ယောက် ဖြစ်နေပါပြီ။

တစ်ချို့သော သင်တန်းသား/သူ တွေက Native Spaeker နဲ့ သင်တန်းတွေကို အထင်ကြီးပြီးတော့ တက်ခဲ့ကြပြီး နောက်ဆုံးတော့ ရေရှည်မခံနိုင်ဘဲ ကျွန်တော့် သင်တန်းကို ပြန်ရောက်လာကြတာတွေကို လည်း တွေ့ရလို့ပါတယ်။ သင်ကြားရေးနည်းပညာ တကယ်တတ်ကျွမ်းကျင်တဲ့ Native Speaker များနဲ့ သင်တဲ့ သင်တန်းတွေ ရှိသလို သင်ကြားရေးနည်းပညာ တတ်ကျွမ်းကျင်ခြင်း မရှိတဲ့ Native Speaker တွေနဲ့ ရိုက်စားလုပ်တဲ့ သင်တန်းတွေလည်း ရှိပါတယ်။ သင်တန်းကြေးတွေကလည်း အနည်းဆုံး ၂-သိန်း အထက်မှာရှိပါတယ်။ ဒီလောက်များပြားတဲ့ သင်တန်းကြေးတွေနဲ့ ရေရှည်သင်ယူဖို့ ဆိုတာ တကယ်ကို မလွယ်လှပါဘူး။ ပညာရပ်တစ်ခုကို ဘယ်လောက်ကျွမ်းကျင်တဲ့ ဆရာကပဲ သင်သင် ချက်ချင်းတတ်မြောက် ဖို့ ဆိုတာတော့ မဖြစ်နိုင်ပါဘူး၊ အချိန်တစ်ခုတော့ လိုပါတယ်။ အဲဒီအချိန်ကို မစောင့်ချင်ဘဲ ဖြတ်လမ်းက လိုက်ချင်လို့တော့ မရပါဘူး။ စာရေးသူက ဒီအကြောင်းတွေကို ပြောနေတာဟာ Native Speaker နဲ့သင်တဲ့ သင်တန်းတွေကို မကောင်းပြောနေတာမဟုတ်ပါဘူး။ Native Speaker နဲ့ သင်မှ ပိုကောင်းမယ်၊ တတ်တာ မြန်မယ် လို့ ထင်နေကြတဲ့သူတွေ ရှိသလို၊ တစ်ချို့ကလည်း အဲဒီလို သင်ခွင့်မရတဲ့ အတွက် ကိုယ့်ကိုကိုယ် စိတ်တိုင်း မကျတဲ့ သူတွေလည်း ရှိနေလို့ပါ။

ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ဘုရားရှင်ကိုယ်တော်မြတ်ကြီး ကာလာမသုတ် မှာ ဟောကြားတော် မူခဲ့တဲ့ အတိုင်း အခု စာရေးသူပြောနေတာတွေအားလုံးကိုလည်း အမှန်လို့ တထစ်ချ မှတ်ယူစရာမလိုပါ။ ကိုယ့်ရဲ့ အတွေးအခေါ်၊ ကိုယ့်ရဲ့အသိဉာဏ်နဲ့ စဉ်းစားချင့်ချိန် သုံးသပ်ကြည့်ပါ။ သင်တန်းကြေငြာတွေကတော့ ကြေငြာကြမှာပါပဲ။ ဖြစ်နိုင်ခြင်း/ မဖြစ်နိုင်ခြင်း၊ ဖြစ်သင့်ခြင်း/ မဖြစ်သင့်ခြင်းများကို စာဖတ်သူများ ကိုယ်တိုင် ဆုံးဖြတ်ကြရမှာဖြစ်ပါတယ်။

နောက်တစ်ပတ်မှာ “နိုင်ငံခြားသွား (၁)လ၊ အင်တာဗျူး (၁) ပတ် အထူးအမြန် သင်တန်း” စတဲ့ အင်္ဂလိပ်စာလောက အလွဲများ အကြောင်းကို ဆက်ရေးပါမယ်။

အောင်ကိုဦး (UMK)
Be the Best !

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top