ကလေးတွေဆိုတာ အနာဂတ်ရဲ့ ရတနာလေးတွေ ဆိုတာ အထူးပြောစရာ မလိုတော့ပါဘူး။ အဲဒီကလေးတွေဟာ (၁၀) တန်းအောင်ပြီးမှ၊ ဘွဲ့ရပြီးမှ အင်္ဂလိပ်စာ သင်တန်းတွေ တက်ကြတဲ့ အခါ ငယ်ငယ်ကတည်းက ကျောင်းမှာ အင်္ဂလိပ်စာ ကို (၁၀) နှစ်ကျော်သင်ခဲ့ရပေမယ့် ထိုက်သင့်တဲ့ skill ပါမလာတဲ့အခါ တော်တော်လေး တိုင်ပတ်ပါတယ်။ ဒါကြောင့်မို့လို့ မိဘများ အနေနဲ့ ကလေးတွေကို ငယ်ငယ်ကတည်းက အချိန်ပေးပြီး ပုံမှန်လေ့လာသင်ယူစေဖို့ လိုပါတယ် … ဘယ်လိုတွေ လုပ်ရမလဲ … ? ဒီအကြောင်းနဲ့ ပတ်သက်လို့ CYLE သို့မဟုတ် YLE လို့ လူသိများကြတဲ့ Cambridge Young Learners Exam အကြောင်းပါ … Starters, Movers, Flyers, KET, PET, FCE, CAE လို့လည်း လူသိများပါတယ်။
CYLE ဆိုတာက Cambridge က စစ်တဲ့ Young Learners တွေအတွက် စာမေးပွဲပါ 4 Skills လုံးကို စစ်တာ ဖြစ်ပါတယ်။ စာမေးပွဲမှာ အောင်တယ်/ ရှုံးတယ်လို့ မရှိပဲ Shield (ဒိုင်း) တွေနဲ့ သတ်မှတ်ပေးပါတယ်၊ အများဆုံး ၅ ခု ရှိပါတယ်။
Pre A1 – Starters
--------------------------
Young Learners Exam ရဲ့ ပထမဆုံး အဆင့်ဖြစ်ပါတယ်။ အသက် (၇) နှစ်ကနေ (၁၄) နှစ် အရွယ် ကလေးတွေ ဖြေဆိုနိုင်ပါတယ်၊ အင်္ဂလိပ်စာ အခြေခံ အဆင့် ရှိဖို့ လိုပါတယ်။ အင်္ဂလိပ်ဘာသာစကားကို စတင်ဖို့ စိတ်အားထက်သန်မှု စတင်နိုင်မယ့် အခြေအနေဖြစ်ပါတယ်။ (၇) နှစ်၊ (၈) နှစ်အရွယ် ကလေးတွေ ဖြေလေ့ရှိကြပါတယ်။ စာမေးပွဲ ဖြေဆိုဖို့အတွက် နာရီ (၁၀၀) ဝန်းကျင် သင်ယူထားဖို့ လိုအပ်ပါတယ်။
• အရောင်တွေကို အင်္ဂလိပ်လို မှတ်မိ သိရှိရမယ်
• ကိုယ့်အကြောင်း အခြေခံ ဝါကျများကို ဖြေဆိုနိုင်ရမယ်
• တစ်လုံးခြင်း ဖြေရတဲ့ ပုံစံတွေနဲ့ အခြေခံမေးခွန်းတွေကို ရေးနိုင်ရပါမယ်
စာမေးပွဲက ၄၅ မိနစ် ဝန်းကျင် ဖြေဆိုရပါတယ်
Listening အတွက် မိနစ် (၂၀) ခန့် ကြာပြီးတော့ အပိုင်း (၄) ပိုင်း ပါဝင်ပါတယ်
Reading & Writing အတွက် လည်း မိနစ် (၂၀) ဝန်းကျင် ကြာပြီးတော့ အပိုင်း (၅) ပိုင်း ပါဝင်ပါတယ်
Speaking အတွက် (၃-၅) မိနစ် လောက်ကြာပြီးတော့ အပိုင်း (၄) ပိုင်း ပါဝင်ပါတယ်။
A1 – Movers
---------------------
Young Learners Exam ရဲ့ ဒုတိယ အဆင့်ဖြစ်ပါတယ်။ အသက် (၇) နှစ်ကနေ (၁၄) နှစ် အရွယ် ကလေးတွေ ဖြေဆိုနိုင်ပါတယ်၊ အင်္ဂလိပ်စာ အဆင့် CEFR အရ A1 ရှိဖို့ လိုပါတယ်။ (CEFR အကြောင်း အသေးစိတ်ကို ဒီ post ရဲ့ အဆုံးမှာ link ထည့်ပေးပါမယ်)။ ကလေးသဘာဝ နေ့စဉ် အခြေအနေတွေကို စတင် သုံးနှုန်း ပြောဆို ဆက်ဆံနိုင်မှာ ဖြစ်ပါတယ်။ (၈) နှစ် က (၁၁) နှစ်အရွယ် ကလေးတွေ ဖြေလေ့ရှိကြပါတယ်။ စာမေးပွဲ ဖြေဆိုဖို့အတွက် နာရီ (၁၇၀) ဝန်းကျင် သင်ယူထားဖို့ လိုအပ်ပါတယ်။
• အင်္ဂလိပ်လို ညွှန်ကြားချက်တွေကို အခြေခံအားဖြင့် နားလည်ဖို့ လိုအပ်ပါတယ်
• အခြေခံအဆင့် ဖောင်တွေကို ဖြည့်တတ်ဖို့၊ ကိုယ့်အကြောင်း မေးခွန်းတွေကို ဖြေတတ်ဖို့ လိုအပ်ပါတယ်
• မေးခွန်းတွေကို ဖြေဆိုနိုင်ရမှာ ဖြစ်ပြီးတော့ ရက်သတ္တပတ်ရဲ့ နေ့တွေ၊ အချိန်တွေ၊ နေရာတွေ စတဲ့ ကလေးနဲ့ ပတ်သက်တဲ့ ကြားတဲ့ အရာတွေ၊ ဖတ်ဖူးတဲ့ အရာတွေကို ရေးနိုင်ဖို့ လိုပါတယ်။
စာမေးပွဲ ဖြေဆိုချိန် ၁ နာရီဝန်းကျင်လောက် ကြာပါတယ်
Listening အတွက် မိနစ် (၂၅) ခန့် ကြာပြီးတော့ အပိုင်း (၅) ပိုင်း ပါဝင်ပါတယ်
Reading & Writing အတွက် လည်း မိနစ် (၃၀) ဝန်းကျင် ကြာပြီးတော့ အပိုင်း (၆) ပိုင်း ပါဝင်ပါတယ်
Speaking အတွက် (၅-၇) မိနစ် လောက်ကြာပြီးတော့ အပိုင်း (၄) ပိုင်း ပါဝင်ပါတယ်။
A2 – Flyers
-----------------
Young Learners Exam ရဲ့ တတိယ အဆင့်ဖြစ်ပါတယ်။ အသက် (၇) နှစ်ကနေ (၁၄) နှစ် အရွယ် ကလေးတွေ ဖြေဆိုနိုင်ပါတယ်၊ အင်္ဂလိပ်စာ အဆင့် CEFR အရ A2 ရှိဖို့ လိုပါတယ်။ နေ့စဉ်သုံးအခြေအနေတွေကို အခြေခံအဆင့် အင်္ဂလိပ်လို ပြေဆို ရေးသားနိုင်မှာ ဖြစ်ပါတယ်။ (၉) နှစ် က (၁၂) နှစ်အရွယ် ကလေးတွေ ဖြေလေ့ရှိကြပါတယ်။ စာမေးပွဲ ဖြေဆိုဖို့အတွက် အင်္ဂလိပ်ဘာသာစကားကို ဒုတိယ ဘာသာစကားအနေနဲ့ ၂-၃ နှစ် သင်ယူထားတာ သို့မဟုတ် နာရီ (၂၅၀) ဝန်းကျင် သင်ယူထားဖို့ လိုအပ်ပါတယ်။
• အကြောင်းအရာတွေ၊ ပုံပြင်တွေ တစ်ခုနဲ့ တစ်ခုကြားမှာ မတူကွဲပြားမှုတွေကို ရှင်းပြဖို့ လိုပါတယ်
• ဇတ်လမ်းတို တစ်ခုကို ရေးနိုင်/ ပြောနိုင်ဖို့ လိုပါတယ်။
• Past Tense ကို အသုံးပြုပြီးတော့ မေးခွန်းတွေ မေးနိုင်ရမှာ ဖြစ်ပါတယ်။
Flyers စာမေးပွဲဟာ KET (Key for School) နဲ့ အဆင့် တူညီပါတယ်။ (အသေးစိတ်ကို KET, PET, FCE, CAE အကြောင်းမှာ ဆက်ရေးပါမယ်)
စာမေးပွဲ ဖြေဆိုချိန် ၁ နာရီကျော် ကြာပါတယ်
Listening အတွက် မိနစ် (၂၅) ခန့် ကြာပြီးတော့ အပိုင်း (၅) ပိုင်း ပါဝင်ပါတယ်
Reading & Writing အတွက် လည်း မိနစ် (၄၀) ဝန်းကျင် ကြာပြီးတော့ အပိုင်း (၇) ပိုင်း ပါဝင်ပါတယ်
Speaking အတွက် (၇-၉) မိနစ် လောက်ကြာပြီးတော့ အပိုင်း (၄) ပိုင်း ပါဝင်ပါတယ်။
(မေးခွန်းပုံစံ အသေးစိတ်ကို နမူနာတွေနဲ့ ထပ်ရေးပေးပါမယ်)
ဒီစာမေးပွဲတွေကို မဖြစ်မနေ ဖြေဆိုရမယ်လို့တော့ မဟုတ်ပါဘူး၊ မဖြေပေမယ့်လည်း ဒီ Frame နဲ့ ပုံမှန်လေ့လာသွားလို့ရပါတယ်။
ငယ်စဉ်ကတည်းကနေ အင်္ဂလိပ်ဘာသာစကား 4 Skills ကို အခုလို အဆင့်ဆင့် စနစ်တကျ လေ့လာ သင်ယူထားတဲ့အတွက် အရွယ်ရောက်လာတဲ့အခါ ကိုယ့်ရဲ့ ကလေးတွေက အင်္ဂလိပ်ဘာသာစကားအတွက် ထပ်ပြီး အချိန်ကုန်ဖို့ လူပင်ပန်းဖို့ မလိုတော့ဘူးပေါ့ဗျာ …
ကျွန်တော်ကိုယ်တိုင်လည်း ဘွဲ့ရပြီးမှ အင်္ဂလိပ်ဘာသာစကားကို ပြန်လေ့လာရတော့ တော်တော်လေး ဒုက္ခရောက်ပါတယ်။ ဘွဲ့ရပြီးမှ လေ့လာရတယ်ဆိုတာကလည်း နယ်မှာနေ (၁၀) တန်းအောင်၊ တက္ကသိုလ်တက်၊ ကျောင်းပြီးတော့မှ ဒီအင်္ဂလိပ်စာ လိုလာတယ်ဆိုတော့ အစကနေ ပြန်စရတော့ ပင်ပန်းတာပေါ့ဗျာ …
ကိုယ့်ရဲ့ ရင်သွေးတွေကို အနာဂတ်အတွက် အင်္ဂလိပ် ဘာသာစကားကို စိတ်အေးချင်တယ်ဆိုရင် ငယ်စဉ်ကတည်းက အချိန်ပေးပြီး ရင်းနှီးမြှပ်နှံကြပါလို့ မိဘများ အတွက် မျှဝေ ရေးသားလိုက်ပါတယ်
ကျေးဇူးတင်ပါတယ်

#AELC
#CYLE
Ref:
https://www.britishcouncil.org.mm/…/ca…/which/young-learners
https://en.wikipedia.org/…/Cambridge_English:_Young_Learners

0 comments:

Post a Comment

ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....

 
Top