အင်္ဂလိပ်ဘာသာစကားလေ့လာသင်ယူသူတိုင်းအတွက်
နားထောင်ခြင်းစွမ်းရည် (Listening Skill) သည်မရှိမဖြစ်အရေးကြီးပါသည်။ အင်္ဂလိပ်ဘာသာစကား
လေ့လာသင်ယူလိုသူတိုင်း နားထောင်ခြင်း (Listening)ကိုပထမဆုံးကြုံတွေ့ ရမည်ဖြစ်ပြီး ၎င်းနောက်မှသာ
ပြောခြင်း (Speaking)၊ ဖတ်ခြင်း (Reading)၊ ရေးခြင်း (Writing) တို့ကို တစ်ဆင့်ပြီးတစ်ဆင့်
ဆက်လက်လေ့ကျင့် သင်ယူရမည်။ ယခုတစ်ပတ်တွင် Listening Skill နှင့်ပတ်သက်သည့် ဗဟုသုတ
(Knowledge)၊ လေ့ကျင့်နည်း (How to practice)များကို မျှဝေလိုပါသည်။
နားထောင်ခြင်းစွမ်းရည်(Listening Skill)
သည် လေ့ကျင့်ရာတွင် တိုးတက်မှုအတွက် အချိန်ယူရန် လိုအပ်သည်။"အင်္ဂလိပ်ဘာသာစကားကိုချဉ်းကပ်ခြင်း (Approaching the English
Language)"ဆောင်းပါး တွင် ဖော်ပြခဲ့သော "အသံထွက်(pronunciation)၊ ဖိသံ(stress)၊
linking sound"စသည့် အသံ၏ သဘောတရားများကို နားလည်ရန် လိုအပ်ပါသည်။ မတူညီသောလူမျိုးများသည်
အသံထွက်တစ်ခုတည်း ကိုပင် မတူညီသော လေယူလေသိမ်းများဖြင့် ပြောဆိုကြသောကြောင့် စကားလုံးများ
အဆင်သင့်ရှိသော်လည်း အကြောင်းအရာတစ်ခုကိုနားထောင်သောအခါ (သို့မဟုတ်) ရုပ်ရှင်ဇာတ်လမ်းများ
ကြည့်ရှုသောအခါ ချက်ချင်းနားလည်ရန် မလွယ်ကူပါ။ထို့ကြောင့် အင်္ဂလိပ်ဘာသာစကားကို လေ့လာ
သင်ယူလေ့ကျင့်လိုသူများအတွက် အင်္ဂလိပ်လိုပြောသောပတ်ဝန်းကျင် လိုအပ်ပါသည်။ သို့သော် မြန်မာကျောင်းသား/
ကျောင်းသူလေ့လာသင်ယူသူများအတွက် ၎င်းပတ်ဝန်းကျင်ကို အမြဲတမ်းရရှိရန် မလွယ်ကူသောကြောင့်
Tape, CD, DVD, Movie, Radio, MP3 စသည်များဖြင့် လေ့ကျင့်ကာ အင်္ဂလိပ်ဘာသာဖြင့် ထုံမွှမ်းထားသောပတ်ဝန်းကျင်ကိုကိုယ်တိုင်
ဖန်တီးလေ့ကျင့်သင့်သည်။
နားထောင်ခြင်း (Listening) ဆိုသည်မှာ -
နားတွင်ကြားရသော
အကြောင်းအရာတစ်ခုကို အာရုံစူးစိုက်ကာ အဓိပ္ပာယ်များနားလည်ရန် ကြိုးစားခြင်းကိုနားထောင်ခြင်း(Listening)
ဟုခေါ်နိုင်သည်။ နားထောင်ခြင်း(Listening)သည် ကြားခြင်း (Hearing) သက်သက် မဟုတ်ပါ၊ ကြားခြင်း
(Hearing) ဆိုသည် အသံ(suound)ကို လက်ခံပေးသော ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် (physical
process) တစ်ခုသာဖြစ်သည်။ ထို့ကြောင့် တစ်ဦးနှင့်တစ်ဦး ပြောဆိုဆက်ဆံရာတွင် တဖက်သား၏စကားကို
ကြားနေသော်လည်း နားမလည်လျှင်၊ ကိုယ်က ပြောနေသည်ကို တဖက်သားက ကြားနေသော်လည်း နားမလည်လျှင်
ပြောဆိုဆက်ဆံမှု (communication)သည် အဓိပ္ပာယ်ရှိမည် မဟုတ်ပါ။ နားထောင်ခြင်း(Listening)သည်
နားတွင် ကြားရသော အကြောင်းအရာတစ်ခုကို နားလည်ရန်၊ တုံ့ပြန်အသုံးပြုရန် ကြိုးစားခြင်း
ဟုဆိုနိုင်ပါသည်။
1. Listening
to follow directions or instructions
အကြောင်းအရာတစ်ရပ်ရပ်ကိုလိုက်နာရန်
ညွှန်ကြားချက်၊ လမ်းညွှန်ချက်များကိုနားထောင်ခြင်း
2. Listening
for information
သတင်းအချက်အလက်တစ်ခုခုရရှိရန်
မိုးလေဝသခန့်မှန်းချက်၊ ကြေငြာချက် စသည်တို့ကို နားထောင်ခြင်း
3. Listening
for enjoyment
ရုပ်မြင်သံကြား၊ တီဗွီ၊ဗွီဒီယို၊ရေဒီယိုများ
မှ သီချင်း၊ ပြဇာတ်၊ ဇာတ်လမ်းတို၊ သီချင်းစသည် တို့ကို နားထောင်ခြင်း
4. Listening
to discriminate speech sounds
ပြောစကားများကိုခွဲခြမ်းစိတ်ဖြာကာအတုယူလေ့ကျင့်ရန်
နားထောင်ခြင်း
5. Listening
to communicate
အပြန်အလှန် ပြောဆိုဆက်သွယ်ရန်
နားထောင်ခြင်း
စသည်ဖြင့် လေ့လာသင်ယူမှု အခြေအနေအမျိုးမျိုးကြောင့်
နားထောင်သောရည်ရွယ်ချက်များ (purpose of listening) အမျိုးမျိုးကွဲပြားခြားနားပါလိမ့်မည်။
နားထောင်ရန်
အကြောင်းအရာရွေးချယ်သောအခါ နားထောင်သူ၏အဆင့်(level)နှင့် ကိုက်ညီရမည်ဖြစ်ပြီး လိုအပ်သောရည်ရွယ်ချက်နှင့်လည်း
ကိုက်ညီရမည်၊ ရွေးချယ်ထားသော အကြောင်းအရာများသည် ဆက်လက် နားထောင်လိုစိတ် ဖြစ်ပေါ်စေသော
အကြောင်းအရာများ ဖြစ်ရန်လည်း အရေးကြီးသည်၊ ဆိုလိုသည်မှာ အကြောင်းအရာတစ်ခုကို နားထောင်ပြီး
အကြောင်းအမျိုးမျိုးကြောင့် ဆက်လက်နားထောင်လိုစိတ် မရှိတော့သော အကြောင်းအရာများကို
မရွေးသင့်ပါ။ အကြောင်းအရာတစ်ခုသည် နားထောင်သူ၏အဆင့်(level)နှင့် အကြောင်းအရာ ကိုက်ညီမှသာလျှင်(ထပ်ခါထပ်ခါ
နားထောင်ချင် မှသာလျှင်) အကြိမ်ကြိမ်အထပ်ထပ် နားထောင်လေ့ကျင့်ပြီး တစ်နေ့ထက် တစ်နေ့တိုးတက်လာပါလိမ့်မည်။
မိုးလေဝသသတင်း(Weather
Reports) ၊ ကြေငြာချက်များ(Announcements)၊ အပြန်အလှန်ပြောစကားများ(Dialogues)၊ စီးပွားရေးလုပ်ငန်းကြော်ငြာများ(Commercial
Advertisements)၊ ဇာတ်လမ်းတိုများ(Stories) စသည်ဖြင့် အကြောင်းအရာအမျိုးမျိုးကိုရွေးချယ်နိုင်သည်။
-
ပထမဦးစွာမိမိနှင့်ကိုက်ညီမည့်
အကြောင်းအရာကိုရွေးချယ်ပါ၊ စတင်လေ့လာသူ(Beginner)များအတွက် ၂ - ၃ မိနစ်ခန့်သာ ကြာမြင့်သောအကြောင်းအရာများကို
ရွေးချယ်သင့်ပြီး အတော်အတန်လေ့လာထားသူ(Intermediate) များအတွက် ၃ - ၅ ခန့်ကြာမြင့်သော
အကြောင်းအရာများကိုရွေးချယ်ပါ။ ရွေးချယ်ထားသောအကြောင်းအရာများသည် စာသားအဆင်သင့်ပါရှိရန်
လိုအပ်သည်၊ သို့မှသာနားလည်မှု(understanding) အတိုင်းအတာကို ပြန်လည် စစ်ဆေးနိုင်မည်။
-
စတင်လေ့ကျင့်သောအခါ
စာသားကိုမကြည့်ဘဲ အကြောင်းအရာတစ်ခုလုံး အစအဆုံးတစ်ကြိမ် ဂရုစိုက် နားထောင်ပါ၊ နားထောင်စဉ်တွင်
ဘာသာပြန်ရန် မကြိုးစားဘဲ နားလည်ရန်သာ ကြိုးစားပါ၊ ၎င်းအတိုင်း (၃) ကြိမ်ခန့်ဆက်တိုက်နားထောင်ပါ။
-
အကြမ်းအားဖြင့်နားလည်သောအခါ
စကားစုတစ်ခုတိုင်းတွင် ခဏရပ်ပြီးလိုက်ဆိုပါ၊ လိုက်ဆိုသည့် စကားလုံး(သို့မဟုတ်) စကားစုကိုဘာသာမပြန်ပါနှင့်၊
နားကကြားသည့်အတိုင်းသာ အတတ်နိုင်ဆုံး ပီသအောင်ကြိုးစားပါ။
-
စကားလုံးတစ်လုံး၊
စကားစုတစ်ခုကိုအတိုင်းအတာတစ်ခုအထိနားလည်လျှင် ဝါကျတစ်ကြောင်းစီကို အထက်ပါနည်းအတိုင်း
လိုက်ဆိုလေ့ကျင့်ပြီး ဝါကျတစ်ကြောင်းစီကို မှတ်မိသမျှချရေးကြည့်ပါ။ ၃ - ၅ ကြိမ်ခန့်လေ့ကျင့်လျှင်
လေ့ကျင့်နေသောအကြောင်းအရာ၏ စာကြမ်းတစ်ခုရလာမည်။
-
အကြောင်းအရာတစ်ခုလုံးကို
ရရှိလာသောစာကြမ်းဖြင့် အစအဆုံးထပ်နားထောင်ပြီး လိုအပ်သည်များကို ထပ်မံဖြည့်စွက်ပါ။
-
မူရင်းစာသားဖြင့်
ရရှိထားသောစာကြမ်းကို တိုက်ပြီးစစ်ဆေးကြည့်ပါ။ နားလည်မှု(understanding) အတိုင်းအတာကိုတွေ့ရလိမ့်မည်။
အချို့သောစကားလုံးများသည် နားကကြားသည်နှင့် အမှန်တကယ်ပါရှိသည်မှာကွဲလွဲနိုင်သည်၊ အချို့သောစကားလုံးများမှာ
မူရင်းစာသားကိုဖတ်ကြည့်သောအခါ သိသော်လည်းအထက်တွင်ဖော်ပြခဲ့သောအသံ၏သဘောတရားတွင် အားနည်းချက်များရှိသောကြောင့်
နားထောင်စဉ် နားလည်ရန်အခက်အခဲရှိသည်ကိုတွေ့ရမည်။ စကားလုံးအသစ်များကို အဘိဓာန်တွင်ရှာဖွေကြည့်ရှုပါ။
-
ဆက်လက်ပြီး
မူရင်းစာသားဖြင့် တစ်ကြိမ်ထပ်မံနားထောင်ပါ၊ နားထောင်နေစဉ် အသံထွက်များကိုအနီးစပ်ဆုံးတူညီရန်
ကြိုးစားလိုက်ဆိုပြီး (၃) ကြိမ်ထက်မနည်းလေ့ကျင့်ပါ။
-
နောက်ဆုံးအဆင့်
အနေဖြင့် ပထမဆုံးလေ့ကျင့်စဉ်ကအတိုင်း စာသားကိုမကြည့်ဘဲ အစအဆုံးနားထောင်ပါ၊ စတင်စဉ်အချိန်ထက်
ပိုမိုနားလည်လာသည်ကိုတွေ့ရလိမ့်မည်။ လေ့ကျင့်စဉ် အထူးအရေးကြီးသည်မှာ လုံးဝဘာသာမပြန်ပါနှင့်၊
အသံ၏သဘောတရားကို ဂရုစိုက်ကာ နားလည်ရန်သာ ကြိုးစားပါ။
-
အောင်မြင်စွာလေ့ကျင့်ပြီးဆုံးသောအခါ
ပစ်မထားပဲမှတ်မိနေစေရန် တစ်ပတ်ခန့်အကြာတွင် ပြန်လည်နားထောင်ပါ၊ ရရှိလာသောနားလည်မှု(understanding)
မှ စကားလုံး(word)၊ ဝေါဟာရ(vocabulary)၊ ဝါကျ(sentence) များ ကိုယ်တိုင်တည်ဆောက်ပြီး
ပတ်ဝန်းကျင်တွင် အလျှင်းသင့်သလို အသုံးပြုပါ။
အထက်ဖော်ပြပါ
နည်းများအတိုင်း တစ်နေ့အကြောင်းအရာတစ်ခုနှုန်းဖြင့် နေ့စဉ် ဆက်လက်လေ့ကျင့်ပါ၊ အောင်မြင်မှုတစ်ခုကိုနေ့ချင်းညချင်းမရနိုင်သလို
ကျွမ်းကျင်မှု (skill) ကိုလည်း တစ်ရက်တည်း၊ တစ်နေ့တည်းမရနိုင်သောကြောင့်အဖန်တလဲလဲလေ့ကျင့်ရန်လိုအပ်သည်။
မည်သည့်ကိစ္စတွင်မဆို " သိ-ရှိ-နားလည်-လက်ခံ-လိုက်နာ-ကျင့်သုံး
"ဟူသည့်အစီအစဉ်ကိုသတိထားပါ။
ကိစ္စတစ်ခုခုကို သိလည်းသိပါသည်၊ ၎င်းနှင့်ပတ်သက်သောဗဟုသုတလည်းရှိပါသည်၊
နားလည်းနားလည်ပါသည်၊ လက်လည်းလက်ခံပါသည်၊ အရေးကြီးသည်မှာလိုက်နာ-ကျင့်သုံးရန်သာ ဖြစ်ပါသည်။ ဤအကြောင်းအရာကိုဖတ်ရှုပြီးရလိုက်သည်မှာအသိ(Knowledge)သာဖြစ်ပြီးအမှန်တကယ်
ကျွမ်းကျင်တတ်မြောက်မှု(Skill)ရရှိရန် အကြိမ်ကြိမ်လေ့ကျင့်မှု(practice) အထူးလိုအပ်ပါသည်။
သီအိုရီကိုသိရှိယုံမျှဖြင့် မလုံလောက်ပါ၊ ဥပမာ- ရေကူးနည်းကိုသိသော်လည်း ရေကူးရန်မဖြစ်နိုင်သောကြောင့်
ရေထဲဆင်းပြီးအမှန်တကယ် လေ့ကျင့်မှာသာလျှင် ရေးကူးတတ်မည်ဖြစ်သည်။
သို့ဖြစ်ပါ၍
" practice makes perfect "
ဟူသောစကားအတိုင်းလေ့ကျင့်ကျွမ်းကျင်အောင်ပွဲဆင် နိုင်ကြပါစေကြောင်းရည်ရွယ် ရေးသားလိုက်ပါသည်။
Ref: SPOKEN – CONVERSATIONAL ENGLISH; A Resource Book for Teachers of
English
Education Digest Journal အတွဲ-(၁)၊အမှတ်-(၃၈)
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....