(Approaching the
English Language)
ပညာရပ်တစ်ခုကို လေ့လာရာတွင် (၁) ချဉ်းကပ်ပုံ ချဉ်းကပ်နည်း မှန်ကန်ရန်၊ (၂) ဆရာ၏ညွှန်ကြားချက်ကို တိတိ ကျကျ
လိုက်နာရန် (၃) သဘာဝကျရန် ဟူသော အချက်(၃)ချက်ကို
အထူးသတိထားရပါမည်။
၁။ ချဉ်းကပ်ပုံမှန်ကန်ခြင်း
ဆူးလေကိုသွားလိုသော သူသည် အင်းစိန်ဖက်သို့
သွားသောကားကို စီးမိလျှင် လမ်းလွဲပြီး အချိန်ကုန်၊ ငွေကုန်၊ လူပင်ပန်းမည် ဖြစ်သလို ဘာသာရပ်တစ်ခုကို လေ့လာရာတွင်လည်း ထိုသို့မဖြစ်စေရန် ချဉ်းကပ်နည်းမှာ အလွန်အရေးကြီးပါသည်။ ဘာသာစကား (Language) တစ်ခုကို လေ့လာသင်ယူလျှင် နားထောင် (Listening) ၊ ပြော (Speaking)
၊ ဖတ်
(Reading)
၊ ရေး
(Writing)
ဟူသော
စွမ်းရည် ၄ရပ် (4 skills)ကို တစ်ပြိုင်နက်တည်း
ဟန်ချက်ညီညီ လေ့လာသင်ယူရပါမည်။ ဘာသာစကားတစ်ခုကို လေ့လာရာတွင် စကားပြောယုံသက်သက် မဟုတ်ပဲ စာတတ်သည်အထိ လေ့လာသင်ယူသင့်ပါသည်။မိခင်ဘာသာစကား(Native
Language/Mother tongue) တွင်ပင်လျှင်
မြန်မာစကားပြော တတ်သူတိုင်း စာမတတ်နိုင်ပါ၊ ရေးတတ်၊ ဖတ်တတ်ရန် စနစ်တကျ လေ့လာသင်ယူရမည်ဟု ဦးစွာနားလည် သဘောပေါက်ရပါမည်။ အင်္ဂလိပ်ဘာသာစကားသည် လူတစ်ဦးနှင့်တစ်ဦး၊ နိုင်ငံ တစ်နိုင်ငံနှင့် တစ်နိုင်ငံကြား လူမျိုးပေါင်းစုံ ထိတွေ့ဆက်ဆံရာတွင် ဆက်သွယ်မှု ( Communication) ပြုလုပ်သည့် နိုင်ငံတကာသုံးဘာသာစကား (International Language) ဖြစ်သောကြောင့် ပြောဆိုဆက်ဆံရာတွင် မိမိပြောလို သည်ကို ပြောနိုင်ယုံဖြင့် မလုံလောက်ပဲ တစ်ပါးသူပြောသည်ကိုလည်း နားထောင်ပြီး နားလည်ရန် လိုအပ်ပါသည်။ နားထောင်( Listening) သောအခါ စကားအားလုံးကို ချက်ချင်းနားလည်ရန် မဖြစ်နိုင်ပါ။ မသိသော၊ မကြားဖူးသော စကားလုံးများကို စာဖတ်ခြင်း၊ (Reading) ကရနိုင်ပါသည်။ အင်္ဂလိပ်ဘာသာစကားကို စတင်ပြော ဆိုချိန် တွင်ပြောလိုသည့် ခံစားချက် (feeling) များကို ပုံဖော်ရန် ဝေါဟာရများ၊ အသုံးအနှုန်းများကိုလည်း Listening
နှင့် Reading မှ ရနိုင်ပါသည်။
ထို့အပြင် လိုအပ်သည့်အခါ နားထောင်ယုံ၊ ပြောရုံသာမက ရေးရန်အတွက် Writing လည်း လိုအပ်ပါသည်။
အတွက်ဝေါဟာရ ၊ ၎င်းအသုံးအနှုန်း များကိုလည်း Reading မှပင် ရနိုင်ပါသည်။
L S
W R
ထို့ကြောင့် အထက်ပါ စွမ်းရည် ၄-ရပ် (4skills)သည် တစ်ခုနှင့်တစ်ခု
ချိတ်ဆင်နေသဖြင့် တစ်ခုတည်း သီးသန့်ခွဲထုတ်လေ့လာရန်
မဖြစ်နိုင်ပါ။ စကားလုံးတစ်လုံး၏ အဓိပ္ပာယ်(meaning) ကို မသိခင်၊ စကားလုံး (word) ၏အသံ (sound) ၊ တနည်းအားဖြင့်
အသံထွက် (pronounciation) ကို ဦးစွာလေ့လာရပါမည်။ အသံနှင့် ပတ်သက် ၍နောက်ပိတ်သံ (plosive
sound ) ၆-လုံးဖြစ်သော ‘p, b, t, d, k, g’
ကို သိရပါမည်။ ဥပမာ - dog ကို အသံထွက်လျှင် နောက်ပိတ်သံ (plosive) ‘g’နှင့် အဆုံးသတ်သောကြောင့် ‘ဂ’သံကို ပီသအောင် ရွတ်ဆိုရပါမည်။ ‘dot’ သည် နောက်ပိတ်သံ (plosive)
‘t’ ဖြင့် ဆုံးသည့်အတွက် ‘ထ’ သံပီသအောင်
ရွတ်ဆိုရပါမည်။ နောက်ပိတ်သံ (plosive sound)များ မပီသပါက အဓိပ္ပာယ် နားလည်မှုများ လွဲမှားနိုင်ပါသည်။ ထို့အပြင် native
speaker များ ပြောဆိုသော အသံများ နှင့် မြန်မာလူမျိုးများ၏ အသံများသည် အများစု လွဲချော်နေသည်ကို
တွေ့ရပါသည်။ ၎င်းတို့ကို သတိထားပြီး ပြင်မှသာ တစ်ပါးသူ အလွယ်တကူ
နားလည်နိုင်ပါမည်။ အသံ(sound)နှင့် ပတ်သက်၍ cluster sound နှင့်
linking sound များကိုပါ ထပ်မံ သိထားသင့်ပါသည်။ ဗျဉ်း (consonant) ဖြင့်အဆုံးသတ်သော
စကားလုံးနှင့် သရ (vowel) ဖြင့် စသော စကားလုံးနှစ်ခုကို ချိတ်ဆက် အသံထွက်ရပါသည်။ ဥပမာ
- car engine ကို အသံထွက်လျှင် ကားအင်ဂျင်ဟု
အသံထွက်ကြပြီး အမှန်အားဖြင့် 'ခါးရင်ဂျင်' ဟုပြောရပါသည်။ cup of tea ကို
'ကပ်ဖော့တီး' ဟု ပြောရပါသည်။
ဆက်လက်ပြိး အသံ၏ (sound) ၏ အစိတ်ပိုင်းတစ်ခု
ဖြစ်သည့် စကားလုံးတစ်လုံး ၊ ဝါကျတစ်ကြောင်းပေါ်တွင် ဖိဆိုရသည့်အသံ (stress) ကိုလည်း
သိရပါမည်။ စကားလုံး (word) တစ်ခုတွင် word stress ပြောင်းသွားလျှင် ထိုစကားလုံး၏ တာဝန်ဝတ္တရား
(port of speech) ပြောင်းသွားပါသည်။ ဥပမာ-import ကို အသံထွက်လျှင် noun form အတွက်
ရှေ့တွင် (i အပေါ်) ဖိသံ(stress)ရှိပြီး ၊ verb formအတွက် အနောက်တွင် (p အပေါ်) ဖိသံ
(stress) ရှိပါသည်။
ဥပမာ -I have ‘import
licence. (Noun)
- I im‘port the cars from japan (verb)
စကားတစ်လုံးချင်းပေါ်တွင် ရှိသည့်ဖိသံ
(word stress) အပြင် ဝါကျတစ်ကြောင်းပေါ်ရှိ စကားလုံးများပေါ်တွင် ဖိသံ (sentence
stress) များလည်း ရှိပါသည်။ sentence stress တွင် အများအားဖြင့် ဝါစင်္ဂ (၈)မျိုး (Eight
parts of speech) မှ (noun) ၊ ကြိယာ (verb) ၊ နာမဝိသေသန (adjective) နှင့် ကြိယာဝိသေသန
(adverb) တို့တွင် ဖိသံ (stress) ရှိသောကြောင့် ဝါကျတစ်ကြောင်းတွင် ၎င်းအသံများကို
ဖိဆိုရပါမည်။ ဥပမာ I ‘go to ‘school by ‘bus. အသံ (sound)၏ အရေးပါသော နောက်ထပ် အစိတ်အပိုင်းတစ်ခုမှာ အသံအနိမ့်အမြင့်
(intonation) ဖြစ်ပါသည်။ ၎င်းကို အကြမ်းဖျင်းအားဖြင့် အောက်ပါအတိုင်း
(၃)မျိုး ခွဲခြားနိုင်ပါသည်။
၁။ တက်သံ (raising tone) - Yes, No ဖြင့် ဖြေဆိုနိုင်သော မေးခွန်းဝါကျ
(question sentence) များတွင်
သုံးပါသည်။
e.g Are you a student ?
၂။ ကျသံ
(falling tone) - တောင်းဆို၊ ပန်ကြားဝါကျ (request sentence) များတွင် အသုံးပြုပါသည်။
e.g May I know your name, please?
၃။ သံမှန်
(normal Tone) - ရိုးရိုးဖော်ပြဝါကျ (statement sentences) များတွင် သုံးပါသည်။
e.g He is a student.
အသံ (sound) နှင့် ပတ်သက်သည့် အထက်ပါ
အချက်များကို စနစ်တကျ သိရှိမှသာလျှင်Listening ကို လွယ်လွယ် ကူကူ နားလည်နိုင်မည် ဖြစ်ပြီး
၎င်းအတိုင်း စနစ်တကျ မှန်မှန်ကန်ကန် ပြောဆိုမှသာ တစ်ပါးသူက
လွယ်လွယ်ကူကူ နားလည်ပါလိမ့်မည်။ Language user တစ်ယောက်အနေဖြင့် အဆိုအပါ အချက်မှာ
သိရှိလျှင် လုံလောက်ပါသည်။
အင်္ဂလိပ်ဘာသာစကား (English Language) ကို လေ့လာသင်ယူသူ တစ်ယောက်အနေဖြင့်
မိမိကိုယ်ကို user ၊ leaner ကွဲပြားရန် လိုပါသည်။ User ဆိုသည်မှာ အင်္ဂလိပ်ဘာသာစကားကို
အတိုင်းအတာ တစ်ခုအထိ နားလည် တတ်မြောက်လျှင် လုပ်ငန်းခွင်တွင် ပြောဆို၊ ဆက်ဆံ အသုံးပြုသူသာ
ဖြစ်ပြီးမိမိကိုယ်တိုင် တတ်သိ နားလည်ယုံမျှမက သူတစ်ပါးအား ပြန်လည်သင်ကြားရန်၊ အင်္ဂလိပ်ဘာသာစကားဖြင့်
ဘဝတစ်လျှောက်လုံး အသက်မွေးဝမ်းကြောင်း ပြုရန်လေ့လာသူများက Learner များ ဖြစ်ပါသည်။
Learner တစ်ယောက်အနေဖြင့် ဆရာ၏ ညွှန်ကြားသည့်အတိုင်း လိုက်နာလေ့ကျင့်နေယုံမျှ မလုံလောက်ပဲ
အကျိုးအကြောင်း ဆက်စပ်မှုများ သီအိုရီများကို လေ့လာရမည် ဖြစ်ပြီး မိမိကိုယ်တိုင် လေ့လာသင်ယူမှု
(self- study) ပြုလုပ်ရန် လိုအပ်ပါသည်။ မိခင်ဘာသာစကား (native language) mother
tongue )မှာသည်ပင်လျှင် မြန်မာစကားကို ရေးတတ်၊ ဖတ်တတ်၊ ပြောတတ်သူ ဘွဲ့ရပညာတတ် တစ်ယောက်က
မြန်မာစာနှင့် ပတ်သက်သော ကျမ်းတစ်စောင်၊ ပေတစ်ဖွဲ့ပြုစုရန်၊ တစ်ပါးသူကို ပြန်လည်သင်ကြားရန်
လူတိုင်းမဖြစ်နိုင်ပါ။ သီးခြားအချိန်ပေး ထပ်မံလေ့လာမှသာ ရနိုင်ပါသည်။ သို့ပါ၍ အင်္ဂလိပ်ဘာသာစကား လေ့လာသူ တစ်ယောက်အနေနှင့် User ၊ Learner
ကွဲပြားမှသာလျှင် လိုအပ်ချက် များကို ၊ လိုအပ်သလို၊ လိုအပ်သလောက် ဖြည့်ဆည်း
ဆောင်ရွက်နိုင်ပါမည်။
၂။ ဆရာ၏ ညွန်ကြားချက်များကို အတိအကျလိုက်နာခြင်း။
အင်္ဂလိပ်ဘာသာစကားလေ့လာရာတွင် foreign language နှင့် second
language ဟု ၂-မျိုး ရှိပါသည်။ foreign language ဆိုသည်မှာ အကြမ်းအားဖြင့် ဖတ်တတ်ယုံအဆင့်
(Reading skill) လောက်သာ ဟု ယူဆနိုင်ပါသည်။ second language ဟုဆိုလျှင် မိခင်ဘာသာစကား
တတ်သလောက်နီးနီး တတ်မြောက်ရမည် ဖြစ်သည်။ ဥပမာအားဖြင့် အင်္ဂလိပ်ဘာသာစကားကို ရုံးသုံးဘာသာ
စကားအဖြစ် အသုံးပြုသော နိုင်ငံများတွင် နေ့စဉ်၊ နေ့တိုင်း ရေး၊ဖတ်၊ ပြော၊ နားထောင်ပြုလုပ်နေရသောကြောင့်
second language အဖြစ်သင်ယူ ရပါသည်။ အင်္ဂလိပ်ဘာသာစကားကို second language အဖြစ်သင်ယူလိုပါက
မြန်မာစကား တတ်မြောက်လာပုံကို ဦးစွာလေ့လာကြည့်ပါ။ စကားစတင်ပြောဆိုသော ကလေးဘဝ အသက်၂-နှစ်
အရွယ်ခန့်တွင် အရွယ်ရောက်ပြီး သော သူတစ်ယောက်ကဲ့သို့ ပြည့်စုံသော စကားကို စတင်ပြောဆိုနိုင်မည်
မဟုတ်ပါ။ ဥပမာ သူ့အတွက် အမြဲတမ်း ကြားဖူးနေကြ စကားဖြစ်သော ‘ထမင်းစားမလား? ၊ စားမယ်’
ကို အတုယူပြီး ပြောသောအခါ သူ့နှုတ်က ထွက်လာ သောစကားမှာ - ဝါကျအပြည့်အစုံ မဟုတ်ပဲ ‘မန်ချား’
ပဲဖြစ်မှာပါ။ သို့သော် မိခင်ဖြစ်သူက နားလည်ပါသည်။ ၎င်းကိုဝါကျမပြည့်စုံ၊
အသံထွက်မမှန်ဟုအပြစ်ပြော၍ မရပါ။ သဘာဝ
တရားကို နားလည် ရပါမည်။ အလားတူ အင်္ဂလိပ်ဘာသာစကားကို စတင်ပြောဆိုချိန်တွင် အသံထွက်အမှား
၊အသုံးအနှုန်း အမှား၊ ဝါကျအမှားစသည်ဖြင့် အမှား ပေါင်းများစွာကို တွေ့ရပါလိမ့်မည်။ အမှားကို
ကြောက်ရွံ့ပြီး၊ မပြောရဲပါက ကလေး တစ်ယောက်အတိုင်း ‘မန်ချား’ အဆင့်မှာပင် ရှိနေပါလိမ့်မည်။
အမှားပေါင်းများစွာကို အကြိမ်ပေါင်းများစွာ ပြောဆို လေ့ကျင့်ခဲ့ပြီးမှ မြန်မာစကားကို
တတ်မြောက်လာခဲ့ ရပါသည်။ အင်္ဂလိပ်ဘာသာစကားကို လေ့လာနေသူ တစ်ယောက် အနေဖြင့် မိမိကိုယ်ကို
ရက်သား၊ လသား၊ နှစ်သား အရွယ် စသည်ဖြင့် သိရှိနားလည်ရပါမည်။ ဥပမာ- ဘွဲ့ရကျောင်းသားတစ်ယောက်က
အင်္ဂလိပ်စာကို (၁၀)နှစ်ကျော်ကျော် ကျောင်းတွင် လေ့လာသင်ယူခဲ့သောကြောင့် မှားပြောမိမှာကို
ရှက်တတ်ကြပါသည်။ အမှန်တကယ်အားဖြင့် ၎င်း(၁၀)နှစ်ကျော် လေ့လာခဲ့သည်မှာ
အင်္ဂလိပ်စာကို foreign language အဖြစ်သာ လေ့လာသင်ယူ ခဲ့ရခြင်းဖြစ်ပါသည်။ Language
သီအိုရီအရ ‘Writing bases on speaking’ ဟု ဆိုပါသည်။ သို့ရာတွင် (၁၀)နှစ်ကျော်
ကာလပတ်လုံး စာသင်ခန်းပြင်ပကို ခဏဖယ်ထားပြီး ကျောင်းစာသင်ခန်း အတွင်းတွင်ပင် ဆရာကလည်း
အင်္ဂလိပ်လို အချိန်ပြည့် မပြောခဲ့သလို ကျောင်းသားကလည်း အင်္ဂလိပ်လို မပြောခဲ့ကြသည့်အတွက်
သီအိုရီကို ပြောင်းပြန်လှန်ကာ အဖိုးတန်အချိန်များကို အောင်လက်မှတ် များနှင့်လဲခဲ့ကြရပါသည်။
second language အနေဖြင့် သင်ယူလိုသူ တစ်ယောက်က “အင်္ဂလိပ်လိုပြောတဲ့ ပတ်ဝန်းကျင်တွင်ဘယ်လောက်
နေခဲ့သလဲ? ၊ ဘယ်လောက်များများ ပြောခဲ့ဖူးပြီလဲ?” ဆိုသည့်မေးခွန်းကို မိမိကိုယ် ကို
ပြန်မေးကြည့်ပါ။ မကြားဖူး၊ မပြောဖူးပဲ ချရေးရန် ကြိုးစားလျှင် လမ်းမှားနေ ပါပြီ။
second language အဖြစ် လေ့လာသင်ယူရသော စာသင်ခန်းတွင် ဆရာက အင်္ဂလိပ်ဘာသာဖြင့် သင်ကြား
ပို့ချသောအခါ စကားလုံးတိုင်း ဝါကျတိုင်းကို နားလည်သိရှိမည် မဟုတ်ပါ။ ထိုသို့မသိ၊နားမလည်သော
စကားလုံးများကို ဆရာက ထပ်မံရှင်းပြသောအခါ စာအုပ်ထဲတွင် ချရေးမှတ်ရန် မကြိုးစားပါနှင့်၊
“ဘောပင်အဖုံးကိုဖွင့်လိုက်ခြင်းသည် စာတတ်မြောက်ခြင်း
မုခ်ဦးကို ပိတ်လိုက်ခြင်း” ဖြစ်ပါသည်။ ဆရာက လေ့ကျင့်ပေးသည်မှာ - Listening ဖြစ်ပြီး
မိမိက Writing လုပ်ရန် ကြိုးစားသောကြောင့် လုံးဝလမ်းမှားသွားပါသည်။ စကားလုံးတစ်လုံးကို
စာအုပ်ထဲ တွင် ရေးမမှတ်လျှင် မမှတ်နိုင်ဟု စိတ်ထဲတွင် ထင်နိုင်ပါသည်။ သို့သော် (၁၀)နှစ်ကျော် ရေးမှတ်ကျက်ခဲ့သော အင်္ဂလိပ်စကားလုံး ဝေါဟာရများကို
မည်မျှအထိ မှတ်မိသည်ကို ပြန်စဉ်းစားကြည့်ပါက သေချာသည်မှာ စာအုပ် ထဲတွင်သာ အားလုံးရှိပါလိမ့်မည်။
ငယ်ရွယ်စဉ် ကလေးဘဝအချိန်တွင် လူကြီး၊ မိဘ ပတ်ဝန်းကျင်ကပြောသော စီးပွားရေး၊ လှုမှုရေး၊
နိုင်ငံရေးအစ ရှိသော စကားလုံး၊ အကြောင်းအရာများ အားလုံးကို နားမလည်ခဲ့သော်လည်း စကားလုံးတိုင်းကို
မှတ်စုစာအုပ်တစ်အုပ်တွင် မရေးမှတ်ခဲ့ရပဲ တတ်မြောက်လာခဲ့သည်ကို သတိပြုသင့်ပါသည်။ Psycho
ပညာရှင်များ၏ အဆိုအရ သာမာန်ဥာဏ်ရည်ရှိသူ တစ်ယောက်အနေဖြင့် စကားလုံးတစ်လုံးကို ၂၈-ကြိမ်
ကြားမိသောအခါ စိတ်တွင်စွဲမြဲသည်ဟု ဆိုပါသည်။
ကြိမ်ဖန်များစွာ ကြားရသောအခါ စွဲမြဲမှတ်မိလာပါလိမ့်မည်။ ဆရာသင်ကြားပို့ချသမျှကို သေသေချာချာ
အာရုံစိုက် နားထောင်ပြီး ဆရာညွှန်ကြားသည့်အတိုင်း တိတိကျကျ လိုက်နာလေ့ကျင့်ရန်သာ လိုအပ်ပါသည်။
၎င်းအချက်များကို ပြင်ဆင်ရန် ကြိုးစားပြီး စာတတ်မြောက်ခြင်း လမ်းမကို
လျှောက်လှမ်းကြရပါမည်။
ထပ်မံ၍
အရေးကြီးသည့်အချက်မှာ မိမိကိုတတ်မြောက်အောင် သင်ကြားပေးနိုင်မည့်သူ ဟု ယူဆ၍
သင်ယူနေသော မိမိ၏ဆရာကို ယုံကြည်မှု အပြည့်အဝ ရှိရပါမည်။ ဆရာကိုယုံကြည်သလို အသုံးပြုသော သင်ကြားနည်းစနစ် (teaching
method) များကိုလည်း ယုံကြည် ရမည်။ ဆရာဖြစ်သူက User များကို teaching
methodology များကို အသေးစိတ်ရှင်းပြရန် မလိုအပ်သည့်အတွက် အသေးစိတ်ရှင်းပြလိမ့်မည်မဟုတ်ပါ။
ဆရာများတွင် စာတတ်မြောက်အောင်သင်ကြားပေးနိုင်သည့် နည်းလမ်းကောင်းများ ရှိပါသည်။ ၎င်းမှာ စာတတ် မြောက်ခြင်းအတွက် လျို့ဝှက်ချက်တစ်ခုပင်
ဖြစ်ပါသည်။ သို့ပါ၍ ဆရာက ညွှန်ကြားသည့် အတိုင်း တိတိကျကျ လိုက်နာလေ့ကျင့်ရန်
အထူးအရေးကြီးပါသည်။ လေ့လာသင်ယူသူ တစ်ယောက် အနေဖြင့် အသက် အရွယ်ကြီး သည်ဖြစ်စေ၊
ငယ်သည်ဖြစ်စေ မိမိ၏ အင်္ဂလိပ်ဘာသာ စကား အခြေအနေ အဆင့်အတန်းကို မည်မျှရှိသည်ကို
သိရှိနားလည် လက်ခံနိုင်လျှင် ရှက်ရွံ့နေကြမဟုတ်ပါ ၊ သို့ပါလျှင် အင်္ဂလိပ်ဘာသာစကား၏
တံခါးတစ်ချပ်ကို ဖွင့်လှစ်နိုင်ပါလိမ့်မည်။
၃။ သဘာဝကျခြင်း
ငယ်ရွယ်စဉ် မူလတန်းကျောင်းသား ဘဝစတင်ချိန်တွင်
ဆရာ၊ ဆရာမများ ရွတ်ဆိုပြသော ကဗျာများ၊ စာလုံးများကို နားထောင်ပြီး
လိုက်ဆိုခဲ့ကြရပါသည်။ ယင်းနောက်မှ ‘ဝ’လုံးကို စတင်ရေးရန် ကြိုးစားခဲ့ရပါသည်။ စာဖတ်ဖို့ရန် ဝေးပြီး ‘ကကြီး’ ၊ ‘ခခွေး’ကိုပင် စတင်မရေးခဲ့ရသည်ကို သတိရသင့်ပါသည်။
မူလတန်းကျောင်းသား ဘဝ ကလေးအရွယ်တွင် ဘာကိုမှ မသိ၊ မတတ်သေးသောကြောင့် အလွယ်တကူ လိုက်နာခဲ့ကြပါသည်။
ယခုအချိန် အင်္ဂလိပ်ဘာသာစကားကို လေ့လာသင်ယူနေသူများသည် မိမိကိုယ်ကို အတိုင်းအတာ တစ်ခုအထိ
တတ်မြောက် နေသည်ဟု ယူဆတတ်ကြပါသည်။ ၎င်းသည်ပင်လျှင် ကျော်လွှားရမည့် အတားအဆီး
တစ်ခုဖြစ်သည်။ မူလတန်း ကျောင်းသားဘဝ အတိုင်း စဉ်းစားတွေးတောခြင်း မပြုပဲ
လိုက်နာလေ့ကျင့် သင်ယူသင့်ပါသည်။
မူလတန်းကျောင်း သားများကို ဆရာ ၊ ဆရာမများက teaching methodology များ
မရှင်းပြခဲ့သော်လည်း စာတတ်မြောက်လာခဲ့ ကြပါသည်။ ဗလာစာအုပ်အလွတ် စာအုပ်တွင်
ချရေးလိုက်သည့် အရာများမှာ ရှင်းရှင်းလင်းလင်း ရှိနိုင်သော်လည်း စာရင်းစာအုပ်ဟောင်း
တစ်အုပ်တွင် ရေးသားလျှင် ရှင်းရှင်းလင်းလင်း မတွေ့ရနိုင်သည့် ဥပမာနှင့် အလားသဏ္ဍာန်
တူပါသည်။ ဘာသာစကားတစ်ခုကို လေ့လာရာတွင် သဘာဝကျကျ တဆင့်ပြီးတဆင့်
မြင့်သထက်မြင့်အောင် ကြိုးစားလိုက်နာ လေ့ကျင့် လျှောက်လှမ်းရပါမည်။
အချုပ်အားဖြင့်ဆိုရပါလျှင်
အင်္ဂလိပ်ဘာသာစကားကို လေ့လာသင်ယူ နေသူများ အားလုံးချဉ်းကပ်ပုံ
နည်းလမ်းမှန်မှန်ကန်ကန်ဖြင့် ဆရာများ၏ ညွှန်ကြားချက်ကို တိတိကျကျ လိုက်နာလေ့ကျင့်ကာ
သဘာဝကျကျ လမ်းကြောင်းမှန်ပေါ်တွင် လျှောက်လှမ်းရင်း အင်္ဂလိပ်ဘာသာစကားကို ကျွမ်းကျင်
တတ်မြောက်နိုင်ကြပါစေကြောင်း ရည်ရွယ်၍ ရေးသားတင်ပြလိုက်ပါသည်။
(ဖော်ပြပါအကြောင်းအရာများ အားလုံးသည်
ကျေးဇူးရှင် ဆရာကြီး ဦးမြကြိုင်၏ ‘How to approach the
English Language’ စာစဉ်နှင့် တစ်လတစ်ကြိမ် အတန်းသစ် ဖွင့်လှစ်ချိန်တိုင်း တွင် ပြောကြားနေသော
စကား များ ကို တင်ပြထားခြင်း ဖြစ်ပါသည်။ ကျေးဇူးရှင် ဆရာကြီး ဦးမြကြိုင်အား ဤဆောင်းပါးဖြင့် ဦးခိုက်ပူဇော်ပါသည်။)
Education Digest Jouranal အတွဲ-(၁)၊
အမှတ်- (၃၅၊၃၆)
အောင်ကိုဦး(UMK)
Be the Best !
0 comments:
Post a Comment
ပွင့်ပွင့်လင်းလင်း ဝေဖန် အကြံပြု ဆွေးနွေး တောင်းဆိုချက်များအားလုံးကို လေးစားစွာ ကြိုဆိုပါသည် .....